ဆီးချိုရှိသူတွေ နွေရာသီမှာ ဘာတွေ အဓိက စားသောက်ပေးသင့်လဲ
နွေရာသီမှာ ဆီးချိုရှိသူတွေ အပါအဝင် ရောဂါအခံ ရှိသူတွေအနေနဲ့ ကျန်းမာရေးထိခိုက်မှု ကင်းအောင် အတော်လေး ဂရုစိုက်ရပါတယ်။ အနေအထိုင် အစားအသောက်တွေက အစပေါ့။ ဒီလို ဂရုစိုက်မှပဲ အပူဒဏ်ကြောင့် ထိခိုက်နိုင်ခြေရော ရောဂါကြောင့် ထိခိုက်နိုင်ခြေပါ နည်းမှာပါ။ ဒီတော့ နွေပူနေချိန်မှာ ဆီးချိုရှိသူတွေအနေနဲ့ ဘာတွေ စားပေးသင့်လဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။
နွေပူနေချိန်မှာ ဆီးချိုရှိသူတွေအနေနဲ့ အနေအထိုင် အစားအသောက်အားလုံးကို သေချာလေး ဂရုစိုက်ဖို့ လိုပါတယ်။ အကြောင်းကတော့ အပူချိန်နဲ့ စိုထိုင်းဆများတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်လို့ပါ။ ဒီတော့ နွေပူနေချိန်မှာ သွေးတွင်းသကြားဓာတ်မြင့်တက်တာမျိုး မဖြစ်စေဖို့ဆိုရင် ရေများများသောက်ဖို့ လိုပါမယ်။ နောက်တစ်ခုက ကစီဓာတ်များတဲ့ အစားအစာတွေကို လျှော့စားပြီး အမျှင်ဓာတ် ကြွယ်ဝတာတွေကို စားဖို့လိုပါမယ်။
ရေဓာတ်ပြည့်ဝစေဖို့ ရေသောက်ပေးတာအပြင် အရည်ရွှမ်းတဲ့ သစ်သီးတွေကို စားပေးဖို့ လိုသလို သဘာဝအသီး ဖျော်ရည်တွေကို သောက်ပေးတာမျိုး လုပ်ပေးလို့လည်း ရပါတယ်။
ဒီတော့ ဘာတွေစားလို့ ဘာတွေသောက်ကြမလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်လား?
ရေဓာတ်ပြည့်ဝနေစေဖို့ သကြားမပါတဲ့ သံပုရာရည်၊ အုန်းစိမ်းရည်၊ ရေထဲကို အသီးစိတ်လေးတွေ ထည့်သောက်တဲ့ ရေ၊ ဆေးဖက်ဝင်ရေနွေးကြမ်း၊ လက်ဖက်စိမ်းရေနွေးကြမ်း၊ ချိုင်ယာစေ့ရေ၊ သခွားသီးစိမ်ရည်၊ တရုတ်နံနံဖျော်ရည် စတာတွေကို သောက်ပေးလို့ ရပါတယ်။ ဒီသောက်စရာတွေက ရေဓာတ်ဖြည့်ပေးပြီး အဆစ်တွေနာတာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို အစာကြေစေပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးမှာပါ။ အပူဒဏ်ပြဿနာတွေကို ကင်းစေသလို ဦးနှောက်ကျန်းမာစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။
အသီးအရွက်တွေအနေနဲ့ စားပေးသင့်တာတွေကတော့ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ပဲတောင့်ရှည်၊ ဘူးသီး၊ သခွားသီး စတာတွေကို စားပေးလို့ ရပါတယ်။ ကစီဓာတ် နည်းပြီး အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး ဝမ်းချုပ်မှု ကင်းစေမှာပါ။ သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးပေးဖို့ လိုသလို နေ့စဉ် စားသုံးမှုမှာလည်း အစိမ်းရောင် အသီးအရွက်တွေကို စားပေးဖို့လည်း လိုပါမယ်။
သစ်သီးတွေ အနေနဲ့ကတော့ ရေဓာတ်ပြည့်ဝစေပြီး ကိုယ်တွင်းမှာ အပူချိန်ကိုရော သွေးတွင်းသကြားဓာတ်ကိုပါ ထိန်းညှိပေးနိုင်တဲ့ စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဘလက်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ လိမ္မော်သီး၊ မက်မွန်သီး၊ ဇီးသီး၊ သစ်တော်သီး စတာတွေကို စားပေးလို့ ရပါတယ်။ ဒီလို စားတဲ့အခါ လတ်လတ်ဆတ်ဆတ် သစ်သီးတွေကိပဲ စားပေးပါ။
လတ်ဆတ်တဲ့ သစ်သီးတွေက ရေဓာတ်ပြည့်ဝစေပြီး အမျှင်ဓာတ် ပါဝင်နေတာကြောင့် ရုတ်တရက်သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆီသွတ်ထားတဲ့ သစ်သီးတွေကိုတော့ ရှောင်ပေးပါ။ ငှက်ပျောသီး၊ ဖရဲသီး၊ ပန်းသီးတို့ကိုတော့ အနည်းငယ် စားပေးလို့ ရပါတယ်။
မွန်မွန်